Pages

Test 01

Tuesday, May 11, 2010

ရင်မောရတဲ့ ခဏတာ၊

ဒီကနေ့ လုပ်စရာရှိတာလုပ်၊ ဆောင်းပါးတစ်ပုဒ်ရေးဖို့လည်း စာစီရင်း ဘလော့တွေဆီရောက်သွားဖြစ်ခဲ့တယ်။
တစ်ခုဖတ်ရာက လင့်တွေအတိုင်းလိုက်ရင်း ဆောင်းပါးနဲ့ သဘောထားလေးတစ်ချို့ကိုဖတ်မိလိုက်တာ
ရင်ကို အတော်ကလေး လေးသွားစေတာတော့ အမှန်ပဲ။

ပထမတော့ စစ်အစိုးရကို မျက်စိစုံမှိတ်ထောက်ခံတဲ့ ဆိုဒ်တွေ၊ နောက်တော့ စစ်အစိုးရနဲ့ သဘောချင်း
မတိုက်ဆိုင်သူတွေအားလုံး သိမ်းကျုံးပြီး အလွတ်ကန်ဘောကို ဂိုးသမားမရှိပဲ အားပါးတရသွင်းနေတာတွေ၊
ဗမာမျက်ကန်းမျိုးချစ် အရေးအသားတွေနဲ့ဆုံးသွားပါတယ်။ သေချာတာတစ်ခုကတော့ ဘယ်တစ်ယောက်
မှ ချက်ကျလက်ကျ၊ အကိုးအကားနဲ့ တင်ပြတာမျိုးမရှိတာပါပဲ။ လူငယ်တွေ မဟုတ်ရင်လည်း စစ်အစိုးရ
အသိုင်းအဝိုင်းထဲက ဖြစ်ဟန်တူကြပါတယ်။

အဖွဲ့အစည်းစိတ်ဓါတ် (organisational mentality) ဝင်ပြီး အရှိန်ရ၊ အဆိပ်တက်နေကြသူတွေကိုကြည့်ပြီး
တရားလည်းကျမိပါတယ်။

မိဘက အစိုးရဝန်ထမ်း၊ မ.ဆ.လ အဖွဲ့ဝင် လုပ်ခဲ့ပြီး ကိုယ်တိုင်လည်း ဒီနေ့ ကြံ့ဖွတ်နဲ့ညီမယ့် တေဇလူငယ်၊
ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် ခေါင်းဆောင်သင်တန်းတွေ၊ ဘင်ခရာ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊
ကြက်ခြေနီ နဲ့ မီးသတ်သင်တန်းတွေပါမကျန် ကျော်ဖြတ်ခဲ့ပြီးပြီမို့ သူတို့တွေရဲ့ စိတ်ဓါတ်ကို အပြည့်မဟုတ်
ရင်တောင် အတန်အသင့်တော့ နားလည်ပါတယ်။ တစ်ချိန် ဒီလိုလူတွေ အပြင်ကိုကန်ထုတ်ခံရတဲ့ အချိန်မှာ
အများစုဟာ တစ်ခါမှမတွေးဖူးတဲ့ ဘေးအမြင်တွေ အဲဒီကျမှမြင်လာပြီး မထူးတော့တဲ့ နောင်တတွေ
ရလာတတ်ပါတယ်။

အခုနေတော့ တိုင်းရင်းသားတွေအပါဝင် ပြည်သူလူထုအနေနဲ့ အသတ်ပဲခံရခံရ၊ အိုးအိမ်စည်းစိမ်ပဲဆုံးရှူံးရှူံး၊
မတရားအလုပ်ခံရလို့ ကြိမ်မီးအုံးသလို ခံစားရတာတွေဟာ သူတို့လက် ဒါးရှတာကလေးလောက်တောင်
အရေးမကြီးဖူးလို့ ထင်တတ်ကြပါတယ်။

ဒီလို လူ့ကျင့်ဝတ်၊ ဘာသာတရားတွေရဲ့အဆုံးအမနဲ့ ဝေဖန်ပိုင်းခြားတတ်တဲ့ အသိဥာဏ်တွေကို မျက်ကွယ်
ပြုပြီး လူတွေရဲ့အခြေခံအကျဆုံး ဗီဇအတ္တစိတ်ကို ဦးထိပ်ထားတဲ့သူတွေ အများစုနဲ့ တည်ဆောက်ထားတဲ့
လက်ရှိမြန်မာနိုင်ငံရဲ့ အုပ်ချုပ်သူတွေကို ဆန့်ကျင်တာ မမှားနိုင်ဖူးလို့ ယုံကြည်မိတယ်။

ဒါကြောင့်လည်း ရောက်ရာနေရာကနေ ဒီလူတွေကို တစ်နိုင်တစ်ပိုင် ရင်ဆိုင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
စာဖတ်သူအနေနဲ့လည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်သူ တစ်ယောက်လို့ ယုံကြည်ပါတယ်။ ဆုံးဖြတ်ချက်
တစ်ခုကိုချပြီး လုပ်လိုက်ပါ။ တစ်ချိန်မှာ ကိုယ်စိုက်တဲ့အပင်ရဲ့အသီး ကိုယ်စားရကြမှာပါ။
အောင်မြင်ကြပါစေ။

တက္ကသိုလ်ဝင်တန်း ပြင်ဆင်မှုများ (နောက်ဆက်တွဲ - ၂)

သုတေသန (Research)

သုတေသန လို့ဆိုလိုက်ရင် ငယ်စဉ်က အင်မတန်ကြီးကျယ်တဲ့ကိစ္စ၊ ပညာအဆ
မတန် တတ်သူများရဲ့အလုပ် ရယ်လို့နားလည်ခဲ့ရပေမယ့် ဒီကနေ့ခေတ်၊ အထူး
သဖြင့် တိုးတက်ပြီးနိုင်ငံတွေမှာ မူလတန်းကျောင်းသူ၊ ကျောင်းသားတွေကအစ
လုပ်နေကြရတဲ့ သာမန်ပညာသင်ကြားရေး အထောက်အကူပြု လုပ်ငန်းစဉ်တစ်ခု
သာ ဖြစ်နေပါတယ်။

မူလတန်းကျောင်းများမှာ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လေ့လာရှာဖွေစူးစမ်း
သုတေသန လုပ်ကြသလို၊ အလယ်တန်း၊ အထက်တန်းကျောင်းများမှာလည်း
နေ့စဉ်ကြုံတွေ့နေကြရတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး နဲ့ ပတ်ဝန်းကျင်ထိန်း
သိမ်းရေးတွေဆိုပြီး သတင်းစာ၊ အင်တာနက်တွေမှာ သုတေသနလုပ် ရှာဖွေ
စုစည်းပြီး စာစီစာကုံး၊ အစီရင်ခံစာ (အိမ်စာ) တွေအဖြစ်နဲ့ လေ့ကျင့်သင်ယူနေကြ
တာ ပုံမှန်မြင်ကွင်းတွေ ဖြစ်နေကြပါပြီ။

သာမန်လူတယောက်အနေနဲ့ အခြေခံအားဖြင့် သိချင်တာတစ်ခုကို အသိမိတ်
ဆွေတွေ၊ သွားလိုရာလမ်းက ကြုံသူတွေကို မေးမြန်းစုံစမ်းတာ၊ လမ်းညွန်စာအုပ်
သုံးတာတွေဟာ အမှန်တော့ နေ့စဉ်သုံးနေကြတဲ့ သုတေသနပြုတဲ့ အစိတ်အပိုင်း
တွေပါပဲ။

တက္ကသိုလ်ဝင်တန်း သို့မဟုတ် တက္ကသိုလ်တက်ဖို့ ပြင်ဆင်တဲ့အခါမှာတော့ ပိုပြီး
စနစ်တကျနဲ့ ပညာရှင်အနေအထားဘက်ကို ယိမ်းဖို့လိုအပ်လာပါပြီ။ ဒီတော့ အ
လွယ်တကူ မြင်တွေ့နေရတာတွေနဲ့ သတိမထားမိပဲဖြစ်နေတတ်တဲ့ အရာလေး
တွေကို စီရီကြည့် ကြရအောင်။

ဝီကီ ပီဒီယာ - အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း (Wikipedia)

ဒီကနေ့ အင်တာနက်သုံးနေကြသူ အတော်များများအနေနဲ့ သိလိုတာတွေရှိ
လာရင် အစုံလင်ဆုံးလို့ ယေဘုယျပြောနိုင်မယ့် Wikipedia စွယ်စုံကျမ်းကို ပြေးမြင်
မိကြမှာပါ။ ဒီအင်တာနက် စာမျက်နှာမှာ မည်သူမဆိုနီးပါး ဝင်ရေးလို့ရတဲ့ ဂုဏ်ပုဒ်
ကြောင့် ပညာရှင်အဆင့်ကို တက်လှမ်းလိုသူများအတွက်တော့ သတိပြုစရာပါ။
ဒါပေမယ့် သူ့ဆီကစာစုတွေရဲ့ အောက်ဆုံးမှာပါတဲ့ ရည်ညွှန်းချက်တွေကနေ
တဆင့်သွားပြီး ကိုယ်လိုချင်တာတွေရှာဖို့အတွက် အခြေခံကဏ္ဍအဖြစ် အနည်းဆုံး
အသုံးပြုလို့ ရနိုင်ပါသေးတယ်။

ဂူဂယ်ဖြင့် ရှာဖွေခြင်း (Google Search)

ကမ္ဘာပေါ်မှာ လူသုံးအများဆုံး အချက်လက်ရှာဖွေပေးတဲ့ စာမျက်နှာ ဖြစ်ပါ
တယ်။ သိလိုတာကို ရှာဖွေကွက်မှာ ရိုက်ထည့်လိုက်ရုံနဲ့ သက်ဆိုင်တဲ့ အင်တာ
နက် စာမျက်နှာတွေ ရှာဖွေပေးပါတယ်။ မြေပုံ၊ ပုံ၊ ဗီဒီယို၊ သတင်း တွေကို စုံစေ့
အောင် လှည့်လည် ရှာဖွေနိုင်ပါတယ်။ ပညာရှင်များအတွက်တော့ သုံးတတ်ရင်
အခြားပညာရှင်တွေရဲ့ ရေးသားမှုတွေကို Google Schoolar သုံးရှာနိုင်ပါတယ်။

စာကြည့်တိုက်နှင့် ပြတိုက်များ

ဖွံ့ဖြိုးပြီးနိုင်ငံ အများစုမှာတော့ ဒေသဆိုင်ရာစာကြည့်တိုက်၊ ပြည်နယ်စာကြည့်
တိုက်နဲ့ အခြားအမျိုးမျိုးသော စာကြည့်တိုက်နဲ့ ပြတိုက်တွေရှိပြီး တန်ဖိုးမဖြတ်
နိုင်တဲ့ သမိုင်းဝင်မှတ်တမ်းနဲ့ ပစ္စည်းပစ္စယတွေကို သိုမှီးထားတတ်ကြလို့ လက်
လွတ်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အခမဲ့ကအများစုဖြစ်ပေမယ့်
အချို့လည်း အဖွဲ့ဝင်ရတာမျိုး၊ နှစ်စဉ်ကြေးနဲ့ အသုံးပြုကြရတာမျိုးတွေရှိပါတယ်။
မှတ်ချက်တစ်ခု ပြုလိုတာက သုတေသနမှာ “နယ်ချဲ့” ဆိုတဲ့ ဝါဒဖြန့်စကားလုံး
မျိုးကြောင့် အင်မတန်မှတ်တမ်းမှတ်ရာများတဲ့ လန်ဒန်စာကြည့်တိုက်လိုနေရာမျိုး
ကို ချန်ရစ်ထားတာမျိုး ပညာရှင် (ဖြစ်ချင်သူ) တွေ လုပ်လို့မရ (မလုပ်သင့်) ဘူး
ဆိုတာကိုပါ။

စာမှတ်တမ်းစုများ နှင့် အီး-စာအုပ်များ (Data Base & E-books)

အသက်မွေးဝမ်းကျောင်းပညာသင်တွေအပါဝင် တက္ကသိုလ်တက်နေသူများ
အတွက် အားသာချက်တစ်ခုကတော့ သက်ဆိုင်ရာကျောင်းများက ချိတ်ဆက်ထား
တဲ့ (သာမန်လူများအတွက် အခကြေငွေပေးရတဲ့) Data Base & E-books တွေကို
အခမဲ့ အသုံးပြုခွင့် ရကြတာပါပဲ။ အပြင်လူများအနေနဲ့တော့ အခကြေးငွေပေးရတဲ့
စာကြည့်တိုက်တွေနဲ့ Data Base ကုပ္မဏီတွေနဲ့ ချိတ်ဆက်ပြီး အသုံးပြုနိုင်ကြပါ
တယ်။ ဖွံ့ဖြိုးပြီး နိုင်ငံများမှာတော့ ဒေသဆိုင်ရာ အခမဲ့စာကြည့်တိုက်တွေ ရှိကြ
ပါတယ်။ အခကြေးငွေပေးရတဲ့ နေရာတွေလောက်တော့ မပြည့်စုံ၊ နောက်ဆုံးပေါ်
စာအုပ် စာတမ်းတွေမရနိုင်ပါ။

အကဲဖြတ်၊ တန်ဖိုးဖြတ်ခြင်း (Evaluation)

ဂူဂယ် ကနေဖြစ်ဖြစ် အခြားနေရာကဖြစ်ဖြစ် ရရှိလာတဲ့ သတင်းအချက်အလက်
နဲ့ စာအုပ်စာတမ်းတွေကို ကိုယ့်အတွက် ဘယ်လောက်တန်ဖိုးရှိမလဲဆိုတာ အကဲ
ဖြတ်ဖို့ လိုလာပါတယ်။ အသုံးများတဲ့ မှတ်ကျောက်တွေကတော့ -

၁။ ရေးသားသူ (အမည်မဲ့၊ လူသိများသူ၊ လူသိနည်းသူ စသည်ဖြင့် ..)
၂။ ရေးသားသူ၏ နောက်ကြောင်းနှင့် ပညာအရည်အချင်း
၃။ စာအုပ်ထုတ်ဝေသော အရင်းအမြစ် (စာအုပ်တိုက်၊ အဖွဲ့အစည်း စသည်ဖြင့် ..)
၎။ ဆက်သွယ်ရန်လိပ်စာ
၅။ မည်သည့်ရည်ရွယ်ချက်ဖြင့် တည်ထောင်၊ ထုတ်ဝေသည်
၆။ မည်သည့်အချိန်က ထုတ်ဝေသည်
၇။ မည်သည့်နိုင်ငံတွင် ထုတ်ဝေသည်
၈။ သတင်းအချက်အလက် ရရှိရာနေရာ အမျိုးအစား (လက်ကမ်းစာစောင်၊ အင်
    တာနက် စသည်ဖြင့် ..)
၉။ ဘက်လိုက်မှု ရှိ၊ မရှိ
၁၀။ ရည်ညွှန်းချက်များ ပါ၊ မပါ
၁၁။ ထင်မြင်ချက် (သို့မဟုတ်) အဖြစ်မှန် အချက်အလက်
၁၂။ တိုက်ရိုက် (သို့မဟုတ်) တဆင့်ခံ
၁၃။ ပညာရပ် (ကဏ္ဍ) တူ ပညာရှင်များ၏ ကူညီ၊ စစ်ဆေး၊ မှတ်ချက်ပြုမှု
၁၄။ သဒ္ဒါနှင့် သတ်ပုံ အနေအထား
၁၅။ သတင်း၊ အချက်အလက် တင်ပြပုံ (စာစီပုံ၊ ဒီဇိုင်း စသည်ဖြင့် ..)

တို့ ဖြစ်ကြပါတယ်။ ဖေါ်ပြထားတဲ့အချက်တွေထဲက အကောင်းဘက်ကိုပိုပြီး ပြည့်စုံ
လေ တန်ဖိုးပိုရှိလေလို့ ယူဆနိုင်ပါတယ်။

ရလာတဲ့သတင်းအချက်အလက်တိုင်းဟာ တန်ဖိုးဘယ်လောက်ရှိတယ် (ဘယ်
လောက်ခိုင်မာသလဲ) ဆိုတာဟာ ကိုယ့်ရဲ့တန်ဖိုးကို အဆုံးအဖြတ်ပေးနိုင်တာမို့
သတိထားစိစစ်ရပါတယ်။ ဥပမာအားဖြင့် အောက်စ်ဖို့ (Oxford) တက္ကသိုလ်ထုတ်
စာအုပ်ဆိုရင် တကမ္ဘာလုံးက ယုံယုံကြည်ကြည်လက်ခံ ယူငင်သုံးစွဲကြပါတယ်။
ဒါပေမယ့် အင်တာနက်ထဲမှာ “ဝါသနာတူသူများမှ လူထုထံမှန်ကန်သော သတင်း
များဝေဌပေးရန် ဤသတင်းဌာနကို တည်ထောင်ထားပါသည်” ဆိုတာလောက်နဲ့
မလုံလောက်ပါ။ ဘယ်သူဘယ်ဝါ၊ ဘယ်လိုနောက်ခံမျိုး တွေရှိပါတယ် ဆိုတာတွေ
မပါရင်တော့ အတင်းအဖျင်းသတင်းဌာနလို့ မဆိုနိုင်ရင်တောင် ကိုးကားအသုံးပြုဖို့
မသင့်တော်ပါဘူး။

အခုတင်ပြခဲ့သမျှတွေဟာ တက္ကသိုလ်ဝင်တန်းအဆင့်အတွက်လုံလောက်တယ်
လို့ ယူဆနိုင်ပါတယ်။ တက္ကသိုလ်အဆင့်ရောက်ရင် သုတေသနလုပ်ဖို့ လိုအပ်တဲ့
ဘာသာရပ်ကို ယူကြတဲ့အခါ၊ သက်ဆိုင်ရာဘာသာရပ်နဲ့ ဆက်နွယ်တဲ့ သုတေသန
လုပ်နည်းဘာသာတစ်ရပ်ကို သီးသန့်သင်ယူကြရမှာဖြစ်လို့ ပူပင်စရာတော့ မလို
လှပါဘူး။

တက္ကသိုလ်ကျောင်းရွေးချယ်ခြင်း အတွက်လုပ်ဆောင်နိုင်သော အချက်များ၊

ကျောင်းရွေးတာလည်း သုတေသနသဘောမျိုးမို့ နောက်ဆက်တွဲအနေနဲ့
အနည်းငယ် ဖေါ်ပြလိုက်ပါတယ်။

၁။ အသိမိတ်ဆွေ၊ ဆရာ ဆရာမ၊ အတန်းဖေါ်များကို မေးမြန်းခြင်း
၂။ သတင်းစာ၊ အင်တာနက်တွင် ရှာဖွေခြင်း
၃။ ကြော်ငြာ လက်ကမ်းစာစောင်ဖတ်ရှုခြင်း
၎။ ကျောင်း (သက်ဆိုင်ရာ စိတ်ဝင်စားသောဋ္ဌာန) သို့ ကိုယ်တိုင်သွားရာက် မေး
    မြန်းခြင်း
၅။ ကျောင်း ပြပွဲနေ့ (open day) တက်ရောက်ခြင်းတို့ကို ပြုလုပ်နိုင်ကြပါတယ်။

အင်တာနက်မှာတော့ ကျောင်း၊ အစိုးရ၊ အခြားအဖွဲ့အစည်းများက တင်ထားတဲ့
စာမျက်နှာတွေမှာ ကျောင်းအကြောင်း၊ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်အကြောင်း
နဲ့ အဆင့်သတ်မှတ်မှု၊ ဝေဖန်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေတွေ့ရှိနိုင်တာ
မို့ သတင်းအချက်အလက် အရနိုင်ဆုံးနေရာ ဖြစ်ပါတယ်။ အပြောနဲ့ လက်တွေ့ကွာ
တတ်တာမို့လည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်စုံစမ်းတာဟာ ဘယ်တော့မှ
မမှားနိုင်ပါဘူး။

အားလုံးအောင်မြင်ကြပါစေ၊

(သိပြီးသူများအတွက်တော့ ကလေးကလားပို့စ် ဖြစ်နိုင်သလို ဝေဖန်၊ အကြံပေး ဖြည့်ဆည်းပေးလို
သူများကိုလည်း ဖိတ်ခေါ်ပါတယ်။ ပိုကောင်းအောင်ရေးနိုင်ပြီး ကိုယ့်ဘာသာကိုယ်ရေး၊ ကိုယ့်
ဘလော့မှာ တင်ကြမယ့်သူတွေကိုလည်း အားပေးပါတယ်။ သင့်တော်သလို ဆက်ပြီးတော့လည်း
ပြင်ဆင်သွားအုံးမှာ ဖြစ်ပါတယ်။)